၁။တိရတနံ နမနံ ဘယံ နဿတိ။
၂။ဓမ္မဒေသနံ သင်္ခေပံ နိယံ လိခါမိ။
၃။လူတစ်ကိုယ်လုံး ရုပ်လုံးယူပါ သူငါမဟုတ်ပါ။
၎။ကြံစည်သိတတ် နာမ်မှတ်ယူပါ သူငါမဟုတ်ပါ။
၅။ရုပ်နာမ်ဆိုတာ ဖြစ်ပျက်ပါ ရှုတာဝိပဿနာ။
၆။အဖြစ်မြင်မှ ဥစ္ဆေဒ မုချဒိဋ္ဌိကွာ။
၇။အပျက်မြင်မှ သဿတ မုချဒိဋ္ဌိကွာ။
၈။မသေဘေးဟာ အ၀ိဇ္ဇာ ကန်းတာဖျောက်ကြပါ။
၉။အမှားဘေးဟာ ဒိဋ္ဌိပါ ရူးတာဖျောက်ကြပါ။
၁၀။ပုထုဇဉ်ကား အရူးလား ဟောထားဒေသနာ။
၁၁။အတ္တာ-သတ္တော ပုဂ္ဂလော ဇီဝေါယူမှားတာ။
၁၂။အတ္တဒိဋ္ဌိ ယူမှားရှိ ဖြစ်၏သဿတာ။
၁၃။အတ္တဒိဋ္ဌိ ယူမှားရှိ ဥစ္ဆေဒါ။
၁၄။တစ်ခုတည်းထင်မှတ် အမျှင်မပြတ် ပညတ်မည်နာမံ။
၁၅။အများထင်မှတ် အမျှင်ပြတ် ပရမတ်မည်ခေါ်ရန်။
၁၆။ရူပက္ခန္ဓော ကောဋ္ဌာသော ဖွင့်ဟောရာသိ စု။
၁၇။ကောင်းကျိုးရရန် ကုသလံ ဟောပြန် ဘာဝေထ။
၁၈။အကုသလံ ပယ်စွန့်ရန် ဟောဟန် ပဇဟထ။
၁၉။ကိုယ့်ကျင့်ကောင်းရန် သီလနံ သီလံစောင့်ထိန်းရ။
၂၀။လိုချင်လောဘ တဏှာက ပဋိစ္စလည်ကာပတ်။
၂၁။ဒေါသ သောက ဖြစ်ဒုက္ခ ဒေါမနဿ် အဆုံးပတ်။
၂၂။မောဟအ၀ိဇ္ဇာ မသိပါ ဟ တာသမုပ္ပါဒ်။
၂၃။ဒိဋ္ဌိဖြုတ်ခါ ၀ိပဿနာ ရှုတာအားကောင်းပါ။
၂၄။ခန္ဓာနှင့်စပ် နိဗ္ဗာန်မြတ် တွေ့လက်မဂ္ဂင်မှတ်။
၂၅။ဖြစ်ပျက်ဒုက္ခ ဆုံးပါမှ ပေါ်ရနိဗ္ဗာန်ဓါတ်။
၂၆။အချိန်ဆွဲတာ ဒုက္ခဟာ ဖြစ်လာတာရှည်စွ။
၂၇။အချိန်ဆွဲတာ လူမိုက်ပါ သေချာဟောခဲ့စွ။
၂၈။ခန္ဓာကိုယ်က အဇ္ဇေ၀ ဘာမှမသိကြ။
၂၉။လူနတ်ဗြဟ္မာ ပူဇော်တာ လွန်စွာကြီးကျယ်ပါ။
၃၀။မြတ်ဗုဒ္ဓဟာ မကြိုက်ပါ အာနန္ဒာမိန့်မှာရှာ။
၃၁။ဝိပဿနာအားထုတ်တာ ပရမာပူဇာပါ။
၃၂။ရုပ်နာမ်နှစ်ဖြာ မီးလောင်တာ ဒုက္ခာကိလေမီး။
၃၃။မီးလောင်ခံရ ထိုကိစ္စ ဥာဏဖြစ်ပေါ်ချည်း။
၃၄။လောင်စာသိမ်းကာ မီးငြိမ်းတာ မြင်ပါ ကတကြီး။
၃၅။ခန္ဓာကိုယ်ပင် မလိုချင် မဂ္ဂင်ပေါ်လာပြီး။
၃၆။လှုပ်ရုပ်ထဲမှာ ငါမပါ သက္ကာယဒိဋ္ဌိကွာ။
၃၇။ငြိမ်ရုပ်ထဲမှာ ငါမပါ သက္ကာယဒိဋ္ဌိကွာ။
၃၈။ပျက်စီးသွားတာ ငါမပါ သက္ကာယဒိဋ္ဌိကွာ။
၃၉။သောတာပန်မှာ ဒိဋ္ဌိကွာ ၀ိစိကိစ္ဆာပြုတ်တာ။
၄၀။လှုပ်ရုပ်ဖြစ်လာ ငြိမ်ရုပ်မှာ သေချာပျက်ပြီသိ။
၄၁။ငြိမ်ရုပ်ဖြစ်လာ လှုပ်ရုပ်မှာ သေချာပျက်ပြီသိ။
၄၂။ပျက်သင့်လို့ပျက် အကြောင်းဖက် သက်သက်ဝိစိကိစ္ဆာ။
၄၃။ဖြစ်လဲဒုက္ခ ပျက်ဒုက္ခ ဒုက္ခသစ္စာထပ်။
၄၄။အကောင်းမပါ ဤခန္ဓာ သေချာမုချမှတ်။
၄၅။ဒုက္ခထင်ထင် ခုကျွတ်ချင် ခုပင်အားထုတ်မှတ်။
၄၆။ဖြစ်ပျက်မပြတ် တရစပ် ရှုလတ်ဥာဏ်မြင်ဓါတ်။
၄၇။ဝဋ္ဋံနာမ သံသာရ ဘ၀ရှည်ကြာလှ။
၄၈။ဝိ၀ဋ္ဋသည် နိဗ္ဗာန်မည် အေးပြီမြတ်သုခ။
၄၉။သတ္တ၀ါဖြစ်ရာ အ၀ိဇ္ဇာ ချုပ်တာသိမြတ်စွာ။
၅၀။ဒုက္ခဖြစ်ရာ သမုဒယာ ချုပ်တာမဂ္ဂင်ပါ။
၅၁။အ၀ိဇ္ဇာတဏှာ သတ်လိုက်ပါ မာတာပိတုပါ။
၅၂။ပဋိပဒါ မဇ္ဈိမာ အရိယာမဂ္ဂင်ပါ။
၅၃။တဏှာက္ခယ နိဗ္ဗာန ရာဓ ဟောဖော်ပြ။
၅၄။အာသ၀မှာ လေးဝပါ စ လာ အ၀ိဇ္ဇာ။
၅၅။ခန္ဓာနိရောဓ နိဗ္ဗာန ဗုဒ္ဓဟောခဲ့ပါ။
၅၆။ပဋိစ္စသမုပ္ပါဒ် သိမြင်လတ် တွေ့အပ်ဓမ္မသာ။
၅၇။ကိုယ်သာနာပါ စိတ်မနာ ဗုဒ္ဒါဆုံးမတာ။
၅၈။ကိုယ့်စိတ်အသေ နောက်ဥာဏ်နေ မုန်းလေပေရှုနေ။
၅၉။အကြောင်းအကျိုး ဆက်တာမျိုး စင်ရိုးဝိစိကိစ္ဆာ။
၆၀။ကြောင်းကျိုးနှိုက်မှာ ငါမပါ သက္ကာယဒိဋ္ဌိကွာ။
၆၁။ဒိဋ္ဌိခွါမှု ရှေ့ထားပြု ရှုမှုနောက်ထားပါ။
၆၂။အကြောင်းအကျိုး ဖြစ်ချုပ်မျိုး ဖြစ်ရိုးဓမ္မတာ။
၆၃။အစမသိ ဆုံးမရှိ သွားမည့်သံသာခွင်။
၆၄။အစကိုသိ အဆုံးရှိ သွားမည့်နိဗ္ဗာန်ခွင်။
၆၅။ကံမိ ကံဖ အားကိုးမှ မွေးကြအိုသေရ။
၆၆။ဥာဏ်မိ ဥာဏ်ဖ အားကိုးကြ အသေသမုဒယ။
၆၇။မဲ ဖြူ မဲဖြူ မရောမူ ကံဟူလေးမျိုးပြ။
၆၈။သေနာပေါ်ကာ သေရရှာ ဆက်ကာဆက်ကာရှုဥာဏ်လာ။
၆၉။ရှေ့တစ်အသေ နှစ်အနေ ရှုလေ၀ိပဿနာ။
၇၀။ယမကမှာ ဥစ္ဆေဒါ ဖြစ်ပါဒိဋ္ဌိသာ။
၇၁။အနာပေါက်တာ ဒုက္ခပါ ပျောက်တာဒုက္ခဆုံးတာ။
၇၂။ဒုက္ခပျောက်တာ နိဗ္ဗာန်ပါ ဖြစ်တာမဂ်ဥာဏ်ပါ။
၇၃။သာရိပုတ္တာ ဟောပြရှာ သောတာပန္နပါ။
၇၄။အောက်မဂ်ရလတ် ဒိဋ္ဌိသတ် ထက်မှတ်တဏှာသတ်။
၇၅။မြတ်ကိုစွဲမှီ လောင်မီးသည် သညီမြက်မီးပါ။
၇၆။သစ်သားစွဲမှီ လောင်မီးသည် သညီထင်းမီးပါ။
၇၇။ထင်းပေါက်စွဲမှီ လောင်မီးသည် သညီထင်းမီးပါ။
၇၈။နွားချေးစွဲမှီ လောင်မီးသည် နွားချေးမီးမည်သာ။
၇၉။ဖွဲကိုစွဲမှီ လောင်မီးသည် သညီဖွဲမီးပါ။
၈၀။အမှိုက်စွဲမှီ လောင်မီးသည် သညီမှိုက်မီးပါ။
၈၁။စိတ်ဓါတ်မကောင်း ရုပ်ဓါတ်ကောင်း ဘေးပေါင်းတွေ့ကြုံရ။
၈၂။ရုပ်ဓါတ်မကောင်း စိတ်ထားကောင်း ဘေးပေါင်းရှောင်ကွင်းရ။
၈၃။စိတ်ဓါတ်လည်းကောင်း ရုပ်လည်းကောင်း အကောင်းမျိုးစုံရ။
၈၄။စိတ်ဓါတ်မကောင်း ရုပ်မကောင်း ဘေးပေါင်းများတက်စွ။
၈၅။ကိုယ့်ကုသိုလ်က ကိုယ့်ဘ၀ မုချမြှင့်တင်မည်။
၈၆။ကောင်းတာပြုက ကောင်းကျိုးရ မုချဖြစ်လိမ့်မည်။
၈၇။ချမ်းသာလိုလား စိတ်ကောင်းထား အမှားမတွေ့ပြီ။
၈၈။လူနတ်ဗြဟ္မာ သတ္တ၀ါ ချမ်းသာကြရမည်။
၈၉။ဖြစ်ပျက်မမြင် များလူရှင် လူတွင်လူ့ဗာလ။
၉၀။ဖြစ်ပျက်မမြင် လူမိုက်ပင် ခေါ်ချင်ခေါ်နိုင်စွ။
၉၁။လူမိုက်မသာ ပုပ်ရိတာ လိမ္မာဓါတ်တော်ကျ။
၉၂။အသိအကျင့် ၀ိဇ္ဇာနှင့် ပွားဖြင့်ပယ်ထားကြ။
၉၃။သိပြုတ် ကျင့်ပြုတ် အပွားပြုတ် အပြုတ်သုံးမျိုးရ။
၉၄။အနာ မြုံနာ သက်သာတာ သေချာပျောက်တက်စွ။
၉၅။အသိအလိမ္မာ ဥာဏ်ပညာ ၀ိဇ္ဇာအမောဟ။
၉၆။ဒုက္ခဆုံးတာ နှိဗ္ဗာန်ပါ မြင်တာမဂ်ဥာဏ်က။
၉၇။အာသ၀လေးဖြာ ၀င်ရိုးပါ ဇရာမရဏကွပ်။
၉၈။အာသ၀င်ရိုး သုံးဆယ်တိုး သေဆိုးမလွတ်တတ်။
၉၉။အ၀ိဇ္ဇာတဏှာ ပုံတောင်းပါ သင်္ခါရဒေါက်ဆံတပ်။
၁၀၀။ဒေါက်ကံကုန်လတ် အိုသေပြတ် အမြတ်နိဗ္ဗာန်မှတ်။
၁၀၁။ရှေ့ကဒုက္ခ နောက်မဂ္ဂ သမုဒယသတ်။
၁၀၂။ကုန်တာပျောက်တာ ဒုက္ခပါ မြင်မှာမဂ္ဂင်ပါ။
၁၀၃။မှီလျှင်လှုပ်မှာ မမှီပါ လှုပ်ခါမရှိပေ။
၁၀၄။ချုပ်တာမြင်သိ မြင်မှန်ဘိ အေးမည့်နိဗ္ဗာန်ရှိ။
၁၀၅။ခန္ဓာရှုခံ ဖြစ်ပျက်မှန် ရှုဥာဏ်မဂ်ဟုသိ။
၁၀၆။နှမြောစုံမက် လောဘဖက်က အလှူဒါနခက်ရသည်။
၁၀၇။မကြောက်မရှက် မငြိမ်သက်က အကျင့်သီလခက်ရသည်။
၁၀၈။သုခမဖက် မလေ့ကျက်က ၀ိပဿနာခက်ရသည်။
၁၀၉။စည်းစိမ်ဥစ္စာ အနှစ်ရှာ ပြုပါဒါနသာ။
၁၁၀။မိမိခန္ဓာ အနှစ်ရှာ စောင့်ပါသီလသာ။
၁၁၁။အသက်ဇီဝါ အနှစ်ရှာ ရှုပါဘာဝနာ။
၁၁၂။လှူပါစောင့်ပါ ပွားများပါ သုံးဖြာအနှစ်ပါ။
၁၁၃။အမိုးမပါ အိမ်ဂေဟာ မိုးရွာရေစိုတာ။
၁၁၄။ရှုမှတ်မပါ စိတ်ခန္ဓာ ရောက်လာကိလေသာ။
၁၁၅။ကောင်းစွာမိုးထား ထိုအိမ်အား ရေများမစိုပါ။
၁၁၆။ရှုမှတ်ပွားများ ထိုသူအား ကင်းငြားကိလေသာ။
၁၁၇။ရာဂတရား စွဲလန်းသွား ပူငြားမီးပမာ။
၁၁၈။ဘုရားစကား လိုက်နာပွား အများချမ်းသာသည်။
၁၁၉။အပြစ်ပြကာ ဆုံးမတာ မှတ်ပါဆရာတည်း။
၁၂၀။အကြိုက်လိုက်ကာ ပြောနေတာ မှတ်ပါရန်သူတည်း။
၁၂၁။နှစ်ပေါင်းများစွာ ရေးသားတာ ဤမှာရပ်နားတာ။
၁၂၂။တစ်သုံးခွန်သုံး ရေးစီကုံး ဖော်ထုံးနှစ်ကောဇာ။
၁၂၃။ဝါဆိုလတွက် လဆန်းဘက် ရေးချက်ပြီးဆုံးပါ။
၁၂၄။အရှင်ဝဏ္ဏိတ ရေးစီပြ ဤမျှနိဋ္ဌိတာ။
No comments:
Post a Comment